Facebook သုံးစွဲသူဦးရေ နှစ်ဘီလျံနီးပါး ရှိလာ
Facebook သုံးစွဲသူ အရေအတွက်ဟာ နှစ်ဘီလျံပြည့်ဖို့ တဖြည်းဖြည်း နီးကပ်လာလျက်ရှိပါတယ်။
နာမည်ကျော် လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူ အရေအတွက်ဟာ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ၁.၈၆ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Facebook သုံးစွဲသူဦးရေဟာ ယခင်သုံးလပတ်က ၁.၇၉ ဘီလျံရှိခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်က ၁.၅၉ ဘီလျံရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ယခုလို သုံးစွဲသူဦးရေ အံ့အားသင့်ဖွယ် မြင့်တက်လာရခြင်းဟာ အိန္ဒိယလို နိုင်ငံတွေက third party တွေရဲ့ data plan ပရိုမိုးရှင်းတွေနဲ့ Internet.org ကြောင့် ဖြစ်တယ်လို့ CFO ဒေးဗစ်ဝါနာက ဆိုပါတယ်။
ဒီဇင်ဘာ သုံးလပတ်မှာ Facebook ရဲ့ ရောင်းအားက စုစုပေါင်း ဒေါ်လာ ၈.၈ ဘီလျံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ၂၀၁၆ ခုနှစ် စုစုပေါင်းရောင်းအားကလည်း ၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၇.၆ ဘီလျံအထိ ရှိလာခဲ့ပါတယ်။
ဒီသုံးလပတ်အတွင်းမှာ Facebook က အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ သုံးစွဲသူတစ်ဦးစီကနေ ဒေါ်လာ ၂၀ နီးပါး ရရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၁၃.၇၀ ဒေါ်လာထက် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
စတုတ္ထသုံးလပတ် ဝင်ငွေအစီရင်ခံစာ ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ ကုမ္ပဏီရဲ့ ရှယ်ယာက ၂.၅ ရာခိုင်နှုန်းထက်မနည်း မြင့်တက်သွားခဲ့ပါတယ်။
“ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေ ရှေ့လျှောက် အတူတကွချိတ်ဆက်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်” လို့ Facebook အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။
0 comments :
Post a Comment